Skip to main content

အတိတ်လမ်း အပိုင်း ၁

 အတိတ်လမ်း
ရေးသားသူ – အလင်းစက်

မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကမ္ဘာပျက်လုမတတ် ဒေါသတွေ ငယ်ထိပ်ရောက်နေလို့၊ အသားတွေ တဆက်ဆက်တုန်လို့၊ ခံစားချက်တွေ မျိုသိပ်ထားရင်း မကောင်းတဲ့ လူတစ်ယောက်အတွက်နဲ့ ငါ့ဘဝ အပျက်မခံနိုင်ဘူး။ အံကိုခပ်တင်းတင်းကြိတ်ရင်း အိမ်ထဲက ပြန်ထွက်လို့ ဒေါသတွေ ပြေဖျောက်ဖို့ ကျနော် ဘုရားအရိပ်အောက် ခိုလှုံပြီး ရသလောက် စိတ်ကို တည်ငြိမ်အောင် စုစည်းပြီး KK ဆီကို ဖုန်းခေါ်လိုက်တယ်။

“ဟယ်လို အောင် အိမ်မပြန်လာသေးဘူးလား။ မိုးချုပ်နေပြီလေ”

“KK ဘုရားကို ခဏလောက် ထွက်လာခဲ့ပါလား။ အောင် စောင့်နေမယ်။ တနင်္ဂနွေတောင့်ကို လာခဲ့နော်”

“အောင်ကတော့ လုပ်ပြီ။ KK လာခဲ့မယ်”

ဖုန်းချသွားပြီး နာရီဝက်လောက်အကြာမှာ လှုပ်လီလှုပ်လဲ့ ပါတိတ်အနီရောင်အပွင့်လေးနဲ့၊ သနပ်ခါး ပါးကွက်လေးနဲ့၊ ချစ်စရာအပြုံးလေးနဲ့ ကျနော့်အနားမှာ ထိုင်ချလိုက်ပြီး

“ကဲပြော ဘာပြောစရာရှိလို့လဲ အောင်။ အိမ်ကြမှပြောလဲရတာကို”

“KK သေချာနားတောင်နော်။ အောင်တို့ ကွာရှင်းရအောင်”

“ဘာ ဘာပြောတယ် အောင်”

“လမ်းခွဲကြမယ် KK”

“အောင် ဘာကြောင့် အခုလို ဆုံးဖြတ်တာလည်း KK နားမလည်နိုင်ဘူး။ KK ဘာတွေလုပ်မိလို့လည်း အောင်”

“ဒီမှာ KK။ အောင် နေ့လည် ၃ နာရီလောက်က ဆိုင်ကအလုပ်ကိစ္စနဲ့ အိမ်နားရောက်နေလို့ အောင် ပြန်လာခဲ့သေးတယ်။ ငါ့နောက်ကျောကို ဓါးနဲ့ထိုးနေတာ နောက်ကျမှသိရတာ ဒေါသဖြစ်တယ်။ အောင့်အပေါ် ရက်စက်လိုက်တာ KK။ အောင် ရှာဖွေမကျွေးမိလို့လား။ အောင် တတ်နိုင်တာ၊ ရွှေငွေ မဆင်ပေးခဲ့မိလို့လား။ သာယာတဲ့ဘဝကို မဖြည့်ဆည်းခဲ့လို့လား။ KK သဘော KK စိတ်တိုင်းကျ မနေပေးခဲ့မိလို့လား။ နောက်ဆုံး စကားက ဘုရားရင်ပြင်ပေါ်ဖြစ်နေလို့ လင်မယားအိပ်တဲ့အချိန် အောင် KKအပေါ် လင်မယားလိင်ကိစ္စ မဖြည့်ခဲ့မိလို့လား။ အောင်ဘက်က ဘာတစ်ခုမှ မပျက်ကွက်ခဲ့ပါဘူး။ ဒါတွေကို KK အသိဆုံးပါ။ အောင် KK ကို ချစ်လိုက်ရတာ။ အရမ်းချစ်တတ်တဲ့သူတွေ တန်ဖိုးထားခြင်း မခံရဘူးဆိုတာ အောင် ကိုယ်တွေ့ကြုံလိုက် သိလိုက်ရပါပြီ။ အရာရာ စိတ်တိုင်းကျ ဦးစားပေးချစ်လိုက်ရတာ။ ရှိသမျှ ရှာသမျှ အကုန်ပေးတယ်။ ပင်ပန်းနေပါစေ မောတယ်လို့ အောင် ညီးဖူးလား။ အိမ်ပြန်လာလို့ အပြုံးတစ်ချက် မြင်ရတာနဲ့ ပျှော်နေမိတဲ့ အောင် ပါ။ အခုတော့ကွာ ရည်းစားဟောင်းနဲ့ ကုတင်ပေါ်မှာ မြင်မကောင်းပါလား KK။ အောင်ဘဝ ကို အောင်အချစ်ရဆုံး မိန်းမက အောင်ဘဝရဲ့ နှလုံးသားကို ဓါးနဲ့ ခပ်ပြုံးပြုံး ထိုးနေတာ မသိလိုက်မိဘူး။ အောင်ဘဝကို အောင်သနားတယ်။ တစ်နေ့ကုန် အလုပ်လုပ် ပင်ပင်ပန်းပန်းလုပ်နေတာ ငါ့ကမ္ဘာလေး မိသားစုဘဝလေး လိုချင်လို့ပါ KK။ အခုတော့ကွာ ငါကတော့ ရှာနေတယ်။ KK မင်းကတော့ နောက်အကောင်နဲ့ သာယာနေတယ်”

မျက်ရည်ကျပြီး ငြိမ်သက်နေတဲ့ KK က

“အောင် KKတောင်းပန်ပါတယ်။ KKကို ခွင့်လွှတ်ပေးပါ။ အမိုက်မ KKကို တစ်ခုခုလုပ်လိုက်ပါ။ ရိုက်ချင်လည်း ရိုက်လိုက်ပါ။ ထိုးချင်လည်း ထိုးလိုက်ပါ။ အောင် KKကို ခွင့်လွှတ်ပေးပါ။ KK အနူးအညွတ် တောင်းပန်ပါတယ် အောင်။ နောက်ဆုံးအကြိမ်အဖြစ် ခွင့်လွှတ်”

“တော်တော့ KK ဆက်မပြောနဲ့တော့။ အောင်ပြောတာ နားတောင်။ မနက်ဖြန် တရားရုံးကို လာခဲ့ပါ။ အောင် စောင့်နေမယ်။ KK နောက်လူကို လက်ထပ်လိုက်ပါ။ သာယာမှုကို ဖန်တီးလိုက်ပါ။ ပျှော်မယ်ထင်တဲ့ လမ်းကို KKတို့ ဆက်လျှောက်ကြပါ။ အောင် ချစ်တဲ့ အချစ်ထက် နောက်လူ KKကို ချစ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော် KK။ အောင်ဘက်က ပေးနိုင်တာ အကုန်ပါပဲ။ မနက် တရားရုံးကိုသာ လာခဲ့လိုက် KK။ အောင် စောင့်နေမယ်။ အောင် သွားတော့မယ်။ လိုက်မလာခဲ့ပါနဲ့”

ကျနော် မတ်တပ်ရပ်ပြီး ကျောခိုင်းကာ ခြေလှမ်းလိုက်တော့

“အောင် KKတောင်းပန်ပါတယ်။ ထွက်မသွားပါနဲ့”

ငိုပြီး ပြောနေတော့တယ်။ ကျနော် KKကို လှည့်မကြည့်တော့ပဲ မျက်ရည်တစ်ပေါက်ချင်း လိမ့်ဆင်းလာပြီး

“နောက်ကျသွားပါပြီ KK”

လို့ပြောပြီး ခြေလှမ်းတွေ KKနဲ့ ဆန့်ကျင်ဘက်အရပ် ဦးတည်သွားရင် ဘုရားက ဆည်းလည်းသံနဲ့ ကျနော့်ရင်ထဲက အသည်းပေါက်မတတ် ခံစားမှုနဲ့ KKရဲ့ ငိုရှိုက်သံသဲ့သဲ့ကို ခေါင်းလောင်းထိုးသံ ကြေးစည်သံသဲ့သဲ့က လွှမ်းမိုးသွားရင်း ကျနော်နဲ့KKရဲ့ အိမ်ထောင်ရေးပြသနာကို ဘုရားကလွှဲလို ဘယ်သူမှ ပိုသိနိုင်မယ် မထင်တော့ပါဘူးးးးး ဗျာ။

မနက်လင်းတော့ ကျနော် အိပ်ယာထ၊ ရေချိုး၊ အဝတ်အစားလဲပြီး တည်းခိုခန်းသော့ကို ပြန်အပ်၊ ငွေရှင်းပေးလိုက်ပြီး မနက်ခင်းမှာ ဟာတာတာ ဖြစ်နေတော့ အော် မနေ့ကနဲ့ ဒီနေ့ မတူတော့ပါလား။ ဆိုင်ကို အရင်သွား ကျနော်စုထားတဲ့ ငွေ၊ ဘောနပ်ဆုကြေး၊ မုန့်ဖိုးရငွေ အားလုံးကို ဆိုင်ရှင်စီ အပ်ထားတာ ၆ သိန်းကျော် ပြန်ထုတ်လိုက်ပြီး ဒီနေ့တစ်ရက်တော့ အလုပ်နားချင်လို့ ဆိုင်ရှင်ကိုပြောပြီး ပြန်ထွက်လာတော့ မနက် ၈ နာရီကျော်နေပြီ။ ဗိုက်ကဆာလာလို့ တရားရုံးကိုအရင်သွား ရုံးနားကကွန်ပျူတာဆိုင်မှာ ကွာရှင်းစာချုပ် ဝယ်လိုက်ပြီး ရုံးနားက လက်ဖက်ရည်ဆိုင်မှာ ထမင်းကြော်၊ ကြက်ဥကြော်နဲ့ ကော်ဖီတစ်ခွက်သောက်ရင်း ဗိုက်ဖြည့်နေလိုက်တယ်။

မနက် ၉ နာရီခွဲလောက်မှာ KK တရားရုံးထဲ ဝင်လာပြီး ကျနော့်အနား ထိုင်ခုံမှာ ထိုင်ချလိုက်ပြီး

“တစ်ခုခု မှာလိုက်လေ မနက်စာ စားဖို့”

“မမှာတော့ပါဘူး”

“အောင် KK အရမ်းမှားသွားပါတယ်။ ခွင့်လွှတ်ပေးပါ။ နောင်တထက် KK ရင်ထဲ ကိုယ့်ကိုယ်ကို ဒေါသဖြစ်မိပါတယ် အောင်။ KK အရမ်းကို မိုက်မဲမိပါတယ်။ ဒီတစ်ခါတော့ KKအမှားကို ပြင်ဆင်ခွင့်ပေးပါ။ နောက်ဆုံးအကြိမ်အဖြစ် တောင်းဆိုပါရစေ အောင်”

ပြောပြီး မျက်ရည်တွေကျနေတဲ့ KKကို ကျနော်တစ်ချက် ကြည့်လိုက်ပြီး

“ဒီမှာ KK။ ငါ့အသက်ထက် မင်းကို တန်ဖိုးထား ချစ်ခဲ့တာပါ။ ငါ့အချစ်ကို အနိုင်ယူတာ နားလည်ပေးလို့ရပါတယ်။ ဖောက်ပြန်မှုကို ငါခွင့်မလွှတ်နိုင်ဘူး KK။ မင်းကို ဘယ်လောက်ချစ်ခဲ့ပါစေ ရင်ထဲက နာကျင်မှုတွေ တစ်နေ့ နေသားကျလာမှာပါ။ မင်းကို ချစ်တဲ့စိတ် သတိရစိတ် ဝင်လာလည်း နာတာနဲ့ ဖြေတတ်အောင် နေတော့မယ်။ တနေ့တချိန် KK ဆိုတဲ့ လူတစ်ယောက်ကို အောင့်ရင်ထဲ မေ့ပျောက်သွားအောင် အချိန်ဆိုတဲ့ စက်ဝိုင်းက ကုစားသွားမှာပါ။ အောင်ဆိုတဲ့ ငါ့ကို KKရင်ထဲ တကယ်ရှိခဲ့တယ်ဆိုရင် အခုလိုလုပ်ရက်မျိုးနဲ့ ရက်စက်မှာ မဟုတ်ပါဘူး။ အောင်နဲ့နေရတာ မပျှော်ဘူးဆိုလည်း ပွင့်လင်းစွာ ပြောလိုက်လို့ရပါတယ်။ အောင် လမ်းခွဲပေးမှာပါ။ အောင် နှလုံးသားကို စကားလုံးနဲ့သတ်လည်း သေပါတယ်။ အခုတော့ကွာ နှလုံးသားကို ဓါးနဲ့ထိုးတာထက် နာတယ်။ ခပ်ရိုင်းရိုင်းပြောရင် ငါ့ကိုနွားလို သဘောထား ပေါင်းသင်းနေတာ အရမ်းတော်ပါတယ် KK။ ငါကသာ အချစ်ကို ရှေ့တန်းတင် မမွှန်နေလို့ ဘာမှမမြင်မသိ နွားတစ်ကောင်လို ပေါင်းသင်းနေမိတာ ငါ့ကိုယ်ငါလည်းရွံ့မိတယ် KK။ ခိုးကြောင်ခိုးဝှက် မပေါင်းပါနဲ့ နောက်လူလက်ကို ရဲရဲတွဲလိုက်ပါ KK။ သာယာမယ်တင်တဲ့လူနဲ့ နေခဲ့လိုက်ပါ။ ပျော်မယ်တင်တဲ့ဘဝ လျှောက်လိုက်ပါ။ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးခဲ့တာပါ။ ဒါ နောက်ဆုံးအနေနဲ့ ကျေနပ်စွာ KKအတွက် စဉ်းစားပေးခဲ့တာပါ။ တောင်းပန်နေစရာလည်း မလိုတော့ပါဘူး။ အောင်လည်း နားလည်ပေးစရာ မရှိတော့ပါဘူး။ လူဆိုတာ ကိုယ့်အိပ်မက်ကို ကိုယ်ဘာသာဆေးခြယ်တာ အကောင်းဆုံးပါ KK။ ငါ့တို့နှစ်ယောက်ရဲ့ လမ်းခွဲခြင်းမှာ ဝမ်းနည်းစရာ မရှိတော့ပါဘူး။ တောင်းပန်နေမဲ့အစား ငါ့တို့ကွာရှင်းတာက ပိုအဓိပ္ပါယ်ရှိပါတယ် KK။ အနာဂတ်လမ်း စိတ်ကြိုက် လျှောက်လှမ်းလို့ရအောင် အောင်နဲ့KK ပြတ်ပြတ်သားသား တရားဝင်ကွာရှင်းဖို့ ရုံးတော်ကို လိုက်လာခဲ့ပါတော့ KK”

မျက်ရည်တွေနဲ့ KK ဘာမှဆက်မပြောပဲ ငိုင်နေစဉ်

“ညီလေးရေ ပိုက်ဆံထားခဲ့တယ်”

လို့ အော်ပြောလိုက်ပြီး တရားရုံးပေါ် ကျနော်လှမ်းတက်သွားတော့တယ်။ တရားသူကြီးရှေ့ လက်မှတ်ထိုး ကွာရှင်းစာချုပ် တစ်ယောက် တစ်ခုစီ ယူလိုက်ပြီး KK မျက်နှာကို တစ်ချက် ကျနော်ကြည့်လိုက်ပြီး အမှတ်မထင် အကြည့်တစ်ချက် ဆုံလိုက်စဉ်

“KK”

“ပြောပါ အောင်”

“ကျန်းမာရေးဂရုစိုက်ပါ KK။ အောင် သွားတော့မယ် နှုတ်ဆက်ခဲ့ပါတယ်”

ကျနော် စကားဆုံးတာနဲ့ KKကို ကျောခိုင်းကာ ရုံးတော်အပြင်ဘက်ကို ထွက်လာတော့တယ်။ အောင် အောင် အောင် အောင် လို့ အော်ခေါ်နေတဲ့ KKအသံကို ပြန်လှည့်မကြည့်တော့ပဲ ကျနော် မျက်ရည်တွေ အံကြိတ်တင်းထားပေမဲ့ တစ်ပေါက်ချင်း ကျဆင်းနေတာ KKတစ်ယောက် သိမြင်နိုင်မှာ မဟုတ်တော့ပါဘူး။ ကျတဲ့မျက်ရည်ကို သုတ်လိုက်ပြီး TAXI ငှားလိုက်ပြီး ကားဂိတ်ကို ဦးတည်ထွက်ခွာမိတော့တယ်။

ကားဂိတ်ကို ရောက်တော့ ရေးမြို့သို့သွားမည့်ကားကို စီးနင်းပြီး KKနဲ့ ဝေးရာအရပ်သို့ ဘဝအသစ် လျှောက်လှမ်းဖို့ ခရီးဆက်လာခဲ့မိတယ်။ ကိုယ့်အပေါ် မကောင်းခဲ့တဲ့ မိန်းမဖြစ်ပေမဲ့ ဒဏ်ရာက လတ်လတ်ဆတ်ဆတ် ဖြစ်နေလို့ သတိရစိတ် ခဏခဏ ဖြစ်နေမိပါတယ်။ ကျနော် မညာပါဘူး။ လမ်းမှာ ထမင်းစားလည်းနင်၊ ရေသောက်လည်းနင်၊ လည်ချောင်းမှာ ဝမ်းနည်းမှုတွေ စို့နင့်နေတယ်ဗျာ။

တရိပ်ရိပ် ပြေးလမ်းမှာ ကားကလည်း ဖြေးဖြေးမှန်မှန် မောင်းနှင်နေရင်း မကြာမှီ ရေးမြို့သို့ ရောက်ရှိပြီး ကားပေါ်က ဆင်းတော့မှ ဗိုက်က အရမ်းဆာလာလို့ စားသောက်ဆိုင် ခဏဝင်ပြီး ဆီချက်ခေါက်ဆွဲတစ်ပွဲ မှာစားလိုက်ပြီး ဖုန်းကိုထုတ်လိုက်ကာ ပါဝါဖွင့်လိုက်တော့ KK ဖုန်းခေါ်ထားတာ အကြိမ်ကြိမ်ဆိုတာ တွေ့လိုက်ရတယ်။ ဒါပေမဲ့ ကျနော် ပြန်မဆက်တော့ပါဘူး။ တခြား ဖုန်းနံပါတ် တစ်ခုကို နှိပ်ပြီး ခေါ်လိုက်မိတယ်။

“ဟယ်လို ဒေါ်လေး”

“ဟယ်လို တူလေးးး အောင် လား”

“ဟုတ်တယ် ဒေါ်လေး”

“ဖုန်းမဆက်ဘူး အဆက်ထူးနေပါနေလား အဒေါ့်တူ ကတော့။ ပိုက်ဆံပြတ်နေလို့လား”

“မဟုတ်ပါဘူး ဒေါ်လေးရာ။ ကျနော် ရေးကို ရောက်နေတာ။ အခုကားဂိတ်ကနေ ဖုန်းဆက်လိုက်တာ”

“ဟာ တကယ်လား တူလေး။ ဒေါ်လေး လာကြိုမယ်။ ရွာကနေ အခုထွက်လာမယ်။ စောင့်နေနော် ကြားလား တူလေး”

“ဟုတ်ကဲ့ ဒေါ်လေး။ မြန်မြန်လာနော် ကျနော် ပင်ပန်းနေလို့ အိပ်ချင်နေပြီ”

“အေး အေး လာပြီ”

ဆိုပြီး ဖုန်းချသွားတော့တယ်။ ၁ နာရီလောက်ကြာတော့ ဒေါ်လေး ရောက်လာတယ်။

“တူလေး ပိန်သွားတယ်နော်”

“ဟုတ်တယ် ဒေါ်လေး ပင်ပန်းလို့ပါ”

“မင်းမိန်းမ မပါဘူးလား”

“မပါဘူး ဒေါ်လေး။ ကျနော် အရမ်းအိပ်ချင်နေပြီ။ ပြန်ရအောင် ဒေါ်လေး”

“အေး အေး။ အိပ်ငိုက်နေတာဆိုတော့ နောက်က ခွထိုင်ပြီး ဆိုင်ကယ်လိုက်စီးတော့။ ဒေါ်လေးပဲ မောင်းတော့မယ်”

“ဟုတ်…။ ဒေါ်လေးကတော့ အရင်ကအတိုင်းပဲ လှနေတုန်းပဲ”

“မြှောက်မနေနဲ့ ညာတာပါတေး။ တက်တော့ သွားမယ်”

ဒေါ်လေးနောက်ကခွစီးကာ ဒေါ်လေးခါးကို ဖက်လိုက်ပြီး ဒေါ်လေးနောက်ကျောကို မျက်နှာအပ်ပြီး မျက်လုံးတွေလေးနေစဉ် ဒေါ်လေးက

“ခါးကိုသေချာဖက်ထား။ ပြုတ်ကျနေဦးမယ်။ ကြားလား”

“ဟုတ်ကဲ့ ဒေါ်လေး”

ကျနော် ဒေါ်လေးကို ခပ်တင်းတင်း ဖက်ထားပြီး အိပ်ပျော်လိုက် ပြန့်လန့်နိုးလိုက် ဖြစ်နေရင်း အိပ်ပျော်သွားတယ်။

“ဟာ ဒီကလေးကတော့။ ကဲ ထတော့ ဆင်းတော့ အိမ်ရောက်ပြီ”

“အင်း ဒေါ်လေး ကျနော် အိပ်ပျော်သွားတာလား”

“ဟင် ကိုယ်တော် ဆိုင်ကယ်ကို သတိထားပြီး မနည်းမောင်းပြန်လာရတာ”

“ဆောရီး ဒေါ်လေး။ ကျနော် တော်တော်အိပ်ချင်နေတာ”

“ကိုဘခက် ကိုဘခက်”

“ဟေ ဘာတုန်းကွာ လာပြီ လာပြီ”

“ရှင့်တူကို အိပ်ယာခင်းပေးလိုက်ဦး”

“အေးပါ မိန်းမရာ”

“ငအောင် ငါ့တူကို မတွေ့ရတာကြာပြီကွာ လာ လာ အိမ်ပေါ်တက်”

“ဟုတ်ကဲ့ ဦးလေး”

ဦးလေးက ဖျာခင်းပြီး ခေါင်းအုံးပြင်ပေးတယ်။

“အိပ်တော့မယ် ဦးလေး။ ကျနော် မရတော့ဘူး”

လို့ပြောလိုက်ပြီး ဖျာနဲ့ခေါင်းအုံး ထိလိုက်ပြီး မကြာမှီ ကျနော် အိပ်ပျော်သွားတော့တယ်ဗျာ။

“ငအောင် ငအာင်”

ဦးလေး လာနိုးတော့မှ အိပ်ယာက ထလိုက်ပြီး

“ဦးလေးကလည်း အိပ်နေတာကို”

“ထတော့ ထမင်းစားလိုက်ဦး။ မင်းဒေါ်လေးက ထမင်းစားဖို့ စောင့်နေတယ်။ လာခဲ့ ထမင်းစားပြီးမှ ပြန်အိပ် ကြားလား”

“ဟုတ်ကဲ့ ဦးလေး”

ကျနော် မျက်နှာပြန်သစ်လိုက်ပြီး ထမင်းစားဖို့ နောက်ဖေးဘက် ထွက်လာခဲ့လိုက်တယ်။

“လာ လာ တူလေး။ တောမှာဆိုတော့ စားစရာ သိပ်မကောင်းဘူးနော်။ ဘဲဥဟင်း၊ ဘူးသီးဟင်းချို၊ ငပိ၊ တို့စရာပဲရှိတယ်။ ဒေါ်လေး မြို့ဈေးသွားမှ ဟင်းကောင်းချက်ကျွေးမယ်နော်”

“ရပါတယ် ဒေါ်လေးရာ။ ကျနော် စားတက်ပါတယ်”

“မိန်းမ ဟင်းထည့်ပေးလိုက်ဦးလေ”

“ရပါတယ် ဦးလေး ဧည့်သည်မှမဟုတ်တာ”

“ဟုတ်သားပဲ ကိုဘခက်ကလည်း။ အေး အေး ထည့်စား ငအောင်”

ဒေါ်လေးလက်ရာ မစားရတာကြာလို့ ထမင်းစားကောင်းလိုက်တာ။ စားပြီးလို့ အိမ်ရှေ့မှာ ဦးလေးနဲ့ ရေနွေး သောက်နေချိန်

“ကဲ တူဝရီးနှစ်ယောက် လက်ဖက်စားကြဦး”

ဆိုပြီး ဒေါ်လေးက ကျနော့်အနားမှာ ထိုင်လိုက်ပြီး

“ဆိုပါဦး တူလေး။ ဒေါ်လေးတို့ဆီ အလည်လာတာလား”

ကျနော် ချက်ချင်း ပြန်မဖြေနိုင်အောင် ငေးငိုင်နေတော့

“ငအောင် ငါတူ မင်းတစ်ခုခု ဖြစ်နေသလိုပဲ ပြောပါကွာ ဘာဖြစ်နေတာလဲ ဦးကိုပြောပြကွာ”

“ကျနော် ပြောမထွက်ဘူး ဦးနဲ့ဒေါ်လေးရယ် မပြောလို့ဖြစ်မလား”

“ငအောင် ဦးလေးနဲ့ မင်းအဒေါ်ကိုမှ မပြောရင် ဘယ်သူ့ကို မင်းပြောမှာလဲ ပြော”

“ဟုတ်ကဲ့ ကျနော် ပြောပါ့မယ် ဦးနဲ့အဒေါ်”

ကျနော် လေးလံတဲ့စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီးမှ

“ကျနော် KK နဲ့ လမ်းခွဲလိုက်ပြီ”

“ဟေ ဟာ ဘာဖြစ်ကြတာလဲ တူလေး။ ဘယ်လိုဖြစ်ကြတာလဲ ငအောင်”

ဖြစ်ကြောင်းကုန်စင် တစ်ခုမကျန် ကျနော် ပြောပြလိုက်ပြီးချိန်မှာတော့ ဒေါ်လေးနဲ့ဦးလေး သက်ပြင်းကိုယ်စီချလိုက်ပြီး ဒေါ်လေးကစပြီး စကားဆိုတော့တယ်။

“တူလေး KKကို ခွင့်လွှတ်မပေးနိုင်ဘူးလား။ တောင်းပန်စကားပြောတဲ့ KKကို တစ်ကြိမ်လောက် ပြုပြင်ခွင့် မပေးနိုင်တော့ဘူလား”

“ကျနော် အားလုံးကို ခွင့်လွှတ်နိုင်ပါတယ်။ ဒါပေမဲ့ လူ့စည်းတစ်ခုဖောက်တာတော့ ကျနော် လက်မခံနိုင်ဘူး ဒေါ်လေး။ သေလောက်အောင် ချစ်နေပါစေ ကျနော် ရင်ကွဲသာခံလိုက်မယ်။ ခြံခုန်ဖူးတဲ့နွားကို ခြံထဲ မသိမ်းထားပါဘူး သွားချင်ရာ သွားပါစေ။ ဖမ်းဆုပ်မထားပါဘူး လွတ်လပ်စွာ သွားပါစေ။ ကျနော် ကိုယ်တိုင် တံခါးဖွင့်ပေးလိုက်တာပါ။ ပြတ်သွားတဲ့ကြိုးကို ပြန်မဆက်ပါရစေနဲ့တော့။ သံသယနဲ့ ကျနော် တစ်သက်လုံး မပေါင်းသင်းပါရစေနဲ့ ဒေါ်လေးရယ်။ ကျနော် မေ့ပစ်နိုင်ဖို့ ဦးနဲ့ဒေါ်လေးဆီမှာ လာနေတာပါ။ ကျနော် ယောင်္ကျားတစ်ယောက်ပါ။ ပိုက်ဆံမချမ်းသာပေမဲ့ ကျနော့်သိက္ခာတော့ ထပ်အကျမခံပါရစေနဲ့။ ကျနော့်ကို နားလည်ပေးပါလို့ ဒေါ်လေးနဲ့ ဦးလေးကို ပြောချင်ပါတယ်”

“တူလေး ပြောတာကို ဒေါ်လေး လက်ခံပါတယ်”

“ငအောင် ဦးလေး နားလည်တယ်။ ငါ့တူ ဘယ်လောက်ခံစားနေရမလဲ။ ဒဏ်ရာအတိမ်အနက်ကို ကိုယ်ချင်းစာတယ်”

“ငါ့တူ မင်းမှန်တယ်။ ဒေါ်လေးတို့နဲ့နေ ကွမ်းသီးခြံဝိုင်းကူလုပ် ဟုတ်ပြီလား။ နောက်အလုပ်လုပ်ငန်း ထပ်လုပ်ချင်လည်း ပြော ဟုတ်ပြီလား။ ဖြစ်နိုင်တယ်ဆိုရင် ဒေါ်လေးတို့ ပိုက်ဆံပေးမယ် ဟုတ်ပြီလား”

“ဟုတ်ကဲ့ ဒေါ်လေး။ စကားမစပ် ဒေါ်လေးတို့ ကလေးမယူကြသေးဘူးလား။ ကျနော်ရှိတော့ ကူထိန်းပေးလို့ ရတယ်လေ။ ကျနော်လည်း တူလေး တူမလေး ချီချင်ပြီ”

“ကောင်စုတ်လေး ဒီလိုအချိန်မှာတောင် ပေါက်ကရ စနောက်နိုင်သေးတယ်နော်”

“စိတ်ချ ငအောင် မင်းဦးလေး ကြိုးစားနေတယ်ကွ ဟား ဟား”

“ကိုဘခက် ရှင်နော် ကျမတူလေးရှေ့မှာ ဘာတွေပြောနေတာလဲ မရှက်ဘူးလား”

“မရှက်ပါနဲ့ ဒေါ်လေးရယ်။ ဦးလေးမျက်နှာကိုကြည့် ကလေးချီချင်နေတာ အသိသာကြီး ဟား ဟား”

“ငါ ဆဲမိတော့မယ်နော်။ ကိုဘခက် ရှင်လည်း သတိထားနေ ကြာလား”

ပြောပြီး ဒေါ်လေး အိမ်နောက်ဖေးဘက် ဝင်သွားတော့တယ်။

“ကဲ ကဲ ဦးလေး ဒေါ်လေးရှက်သွားပြီ သွားချော့လိုက်ဦး။ ကျနော် ဒီနေ့တော့ အနားယူလိုက်ဦးမယ်။ မနက်ဖြန်မှ ဦးလေးနဲ့ ခြံအလုပ် ကူလုပ်ပေးတော့မယ်။ ကျနော် အိမ်အောက်ထပ် အခန်းထဲမှာပဲ နေတော့မယ်”

“သဘောပဲ ငအောင် နေချင်တဲ့နေရာမှာနေ”

လို့ဆိုပြီး ဦးလေးစကားပြောပြီး ကျနော့်အနားကနေ ဒေါ်လေးရှိတဲ့ နောက်ဖေးဘက်ကို ထွက်သွားတော့တယ်ဗျာ။ ကျနော်လည်း ထမင်းစားများသွားလို့ မျက်လုံးလေးလာလို့ ကြမ်းခင်းပေါ် အိပ်ချလိုက်ပါတော့တယ်။

ညနေစောင်းတော့ အိပ်ရေးဝပြီး အိပ်ပျော်နေရာကနေ နိုးလာပြီး ရေချိုး ညစာစားပြီး ဦးလေးနဲ့ အဒေါ်နဲ့ စကားခဏပြော ရေနွေးသောက်ပြီး ည ၈ နာရီလောက်ကြတော့

” တူလေး ဒေါ်လေးတို့ အပေါ်တက်အိပ်တော့မယ်။ ဒေါ်လေးတို့ ပင်ပန်းနေပြီ အိပ်တော့မယ်”

“ဟုတ်ကဲ့ ဒေါ်လေး။ ကျနော် အောက်ကအခန်းမှာပဲ အိပ်တော့မယ်”

“အေး အေး စောစောအိပ်နော် အတွေးမလွန်နဲ့ ကြားလား။ ဘဝသစ်ကိုပြန်စ။ ပြီးခဲ့တာတွေ မေ့ထားလိုက်တော့”

“ဟုတ်ကဲ့ ဒေါ်လေး”

“ကိုဘခက် ရှင် တူလေးနဲ့ စကားပြောချင်လည်းပြော။ အိပ်တာ နောက်မကျနဲ့နော်။ ကျမသွားတော့မယ်”

“မိန်းမကလည်း ငါလည်း တစ်နေကုန် ပင်ပန်းနေတာ နားချင်ပြီ။ ငအောင် ဦးလေးလည်း အိပ်တော့မယ် စောစောအိပ်”

“ဟုတ်ကဲ့”

“သွားမယ် မိန်းမ”

ဆိုပြီး ဒေါ်လေးနဲ့ဦးလေး အိမ်ပေါ်တက်သွားတော့တယ်။ ရွာဆိုတော့ တိတ်ဆိတ်ငြိမ်သက်မှုက ကျနော့်ရင်ထဲ KKကို သတိရစိတ် ပြန်ဝင်လာခဲ့မိရင်း KK မင်းကို ငါမမုန်းပါဘူး။ ဒါပေမဲ့ ငါမင်းကို လက်မခံနိုင်ဘူး။ KK နင်အဆင်ပြေပါစေ ပျော်ပါစေ။ နင့်ဘဝ သာယာနိုင်ပါစေ KK။ အတွေးတွေ လွှင့်နေတုန်း

အပိုင်း ၂ ဆက်ရန်

 

 

 

 

 

 

 

 

Comments