"ပထမအချက်ကတော့ ခေတ်က ကျောင်းတက်ချိန်မှာ ဆိုင်ကို ရောက်လာတယ်။
သူလာတာ ကျောင်းဘက်ကလား၊ အိမ်ဘက်ကလားဆိုတာ အလုပ်တွေရှုပ်နေတော့ ဘယ်သူမှ သတိမထားလိုက္မိဘူး။
ဒါနဲ့ သူကျောင်းပြေးလာတာလားဆိုပြီး တခြားကို စုံစမ်းကြည့်တော့ သူတို့ကျောင်းက ဒီနေ့ နေ့တဝက်ပဲ တက်ပြီး ပြန်လွှတ်လိုက်တာတဲ့။
နောက်တစ်ချက်က နေ့ခင်းက ဘကြီးဆိုင်အတွက် လိုအပ်တာတွေ ထွက်ဝယ်တော့ လမ်းဆုံနားမှာ မကြည်ပြာကို တွေ့လိုက်တယ်လေ"
"ရှင်........ အို......"
ဘကြီးဦး အပြောကို ပထမ အံ့ဩသွားပေမယ့် နေ့ခင်းက ကျမကို တွေ့တယ်ဆိုရင် ကိုသန့်စင် ကားပေါ်မှာပဲ ဖြစ်မှာပါ။ ဒါကို စဥ္းစားမိတော့ ရှက်ရွံ့ပြီး ဘကြီးဦး မျက်နှာကို မကြည့်ရဲတော့ပါဘူး။
"မကြည်ပြာကို တွေ့တာက မထူးဆန်းပါဘူး။
တွေ့ရိုးတွေ့စဥ္ပဲလေ။
ဒါပေမယ့် ဒီနေ့အခြေအနေတွေကို ဆက်စပ်ကြည့်ပြီးတော့မှ ပြောပြတာပါ။
အဲဒီတော့ ရှေ့က စကားကို ပြန်ကောက်ရရင် ဘကြီးအနေနဲ့ တစ်ချို့အရာတွေကို ရိပ်မိထားတာ ရှိပါတယ်။
ဒါပေမယ့် ဘယ်သူ့မှ အပြစ်မတင်ချင်ပါဘူး။
မောင်မျိုးဝင်း မရှိတော့ချိန်မှာ အကြောင်းတစ်ခုခုကြောင့် အနေနီးစပ်ပြီး မဖြစ်သင့်တာတွေ ဖြစ်သွားတယ်ပဲ သတ်မှတ်ပါတယ်။
ဒါပေမယ့် တစ်ချို့အရာတွေက မဖြစ်သင့်တာတွေမို့ ဘကြီးက အကြီးအနေနဲ့ ထိန်းသင့်တာတွေ ရှိပါတယ်။
ဒါပေမယ့် ဒီလိုစကားတွေကို ဘကြီးအနေနဲ့ ဘယ်လို ပြောထွက္မှာလဲ။
မမြင်အပ်၊ မကြားအပ်တဲ့ လူမှုရေး ကိစ္စတွေ မဟုတ်လား။
မမြကို ပြောပြပြီး သတိပေးခိုင်းရမှာကလည်း သေချာ မသိတဲ့အရာမို့ တစ်ဖက်သားကို စွပ်စွဲသလို ဖြစ်မှာလေ။
ဒါကြောင့်ပဲ လင်မယားချင်းတောင် မပြောပြခဲ့ပါဘူး။
တစ်စ၊ တစ်စနဲ့ အကုန်သိကုန်ပြီး အရှက်ကွဲကြမှာ စိုးရိမ်လို့ပါ။
မကြည်ပြာကို မပြောဘဲ တစ်ဖက်သားကို ပြောဖို့ စဥ္းစားပါသေးတယ်။
ဒါပေမယ့် ဟုတ်၊ မဟုတ် သေချာမသိတာရော၊ မောင်မျိုးဝင်းနဲ့ ပတ်သတ်ပြီးမှ သိရသူမို့ အရင်က သိပ်မရင်းနှီးခဲ့ဘူးလေ။
ပြီးတော့ တစ်ချို့စည်းမစောင့်တဲ့သူတွေက ရရင် ချိုင်ချင်တာပဲ။
သွားတားရင်လည်း စကားများတာပဲ ရှိမယ်၊ ရမှာ မဟုတ်ဘူးလေ။
ဒီတော့ ကိုယ့်နဲ့ နီးတဲ့ဘက်ကိုပဲ ပြောရမှာဆိုပေမယ့် ပြောမထွက်ဘူးကွယ်။
အဲဒီလို အားနားပြီး မပြောဖြစ်ခဲ့တာတွေက များခဲ့ရတာပါ။
အနေနီးစပ်လို့ ဖြစ်တာပဲလေ။
တချိန်ချိန်တော့ ကိုယ့်လမ်းကိုယ်လျောက်ကြမှာပါလို့ အကောင်းဘက်က တွေးပြီး မပြောဖြစ်ခဲ့တော့ပါဘူး"
"အဟင့်.....ဟင့်......"
ကျမကိုယ် ကျမ လုံလှပြီ ထင်ခဲ့သမျှ အရှက်တကွဲ ဖြစ်ရပါပြီ။ အထူးသဖြင့် ကျမ မိဘလို ဖြစ်နေတဲ့ ဘကြီးဦးကပါ ရိပ်မိနေတာမို့ ကျမ မျက်နှာချင်း မဆိုင်ရဲလောက်အောင် ရှက်မိပါတယ်။ ဒီလို ရှက်ရွံ့စိတ်ကြောင့်ပဲ ဝမ်းနည်းကာ နောင်တမျက်ရည်များ ကျပြီး ရှိုတ်ငို နေမိပါတယ်။ မကောင်းမှုဟူသည် ဘယ်လောက်ပင် ဖုံးကွယ်ထားပါစေ မိမိကိုယ်မိမိ စိတ်မလုံသလို တစ်ချိန်ချိန်မှာလည်း အားလုံးသိကာ အရှက်တကွဲ အကျိုးနည်း ဖြစ်ရတတ်တာ အမှန်ပါပဲ။
"အဲဒီတော့ မကြည်ပြာရေ။
ဘကြီးကတော့ လူမှုရေး ကိစ္စတွေမို့ နားလည်ပေးပါတယ်။
မဖြစ်သင့်၊ ဖြစ်သင့်တာကတော့ ကိုယ့်ရဲ့စိတ်နဲ့ ဆုံးဖြတ်ပြီး ပြင်ဆင်ရမှာပေါ့။
ဘကြီးက အကြီးမပီသဘဲ နားလည်ပေးခဲ့ပေမယ့် ခေတ်ကတော့ လူငယ်ပဲ ရှိသေးတာလေ။
သူ့ကမ္ဘာလေး ပျက်စီး ပြောင်းလဲမှာကို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။
အဲဒီတော့ ဒီနေ့ ခေတ်က မကြည်ပြာအပေါ် ဆက်ဆံတာတွေကို နားလည်ခွင့်လွှတ်ပေးပြီး ကလေး လမ်းမှားမရောက်အောင် ထိန်းကျောင်းပေးပါ။
ပူလောင်နေမယ့် ခေတ်လေးရဲ့ စိတ်ကို ငြိမ်အေးပေးပါလို့ပဲ ဘကြီး တောင်းဆို ချင်ပါတယ်"
"ဟုတ်ကဲ့ပါ ဘကြီးရယ်။
ကျမ အမှားတွေ ကျမ သိပါတယ်...ဟင့်...
သားကို ကျမ ပိုဂရုစိုက်ပေးပါ့မယ်။
သားလေး စိုးရိမ်ပူပန်ရမှာမျိုးတွေ နောက်ကို ကျမ မလုပ်တော့ပါဘူး။
ကျမ မှားတာပါ။
သားလေးကို ဒုက္ခပေးမိတဲ့ ကျမ အမှားတွေပါ...
အီး....ဟီး....."
"အေးပါကွယ်။ ဘကြီးလည်း မပြောချင်ပါဘူး။
အခုက မပြောလို့ မရလို့သာ ပြောရတာပါ။
ဒါပေမယ့် ခေတ်အတွက် အရမ်းကြီးလည်း တွေးပူ မနေပါနဲ့။
ခေတ်က ဘာဖြစ်လာလဲ မသိရသေးဘူးလေ။
ဘကြီးတို့က စိတ်မှန်းနဲ့ ပြောနေရတာကိုး။
အဲဒီတော့ ကလေးရဲ့ အရိပ်အခြေကို ကြည့်ပြီး ကိုယ်ပြင်သင့်တာကို ပြင်ထားရမှာပေါ့။
တကယ်လို့ ဒီကိစ္စကြောင့် မဟုတ်ရင်လည်း ကလေးကို ဘာမှ သွားမပြောပါနဲ့။
တော်ကြာ အကြောင်းစုံ သိမှ ပိုခံစားသွားရအုံးမယ်။
ဒီကိစ္စကြောင့် ဆိုရင်တော့ ခေတ်က ဖွင့်ပြောလာမယ် ထင်တယ်လေ။
အဲဒီအချိန်ကျရင် သားအမိချင်း ညှိကြပေါ့။
သိပ်ချစ်ပြီး တစ်ဦးအပေါ် တစ်ဦး နားလည်တဲ့ သားအမိတွေပဲ။
ပြန်အစဥ္ပြေသွားမှာပါ။
ဒီကိစ္စကြောင့် မဟုတ်ပါစေနဲ့လို့ပဲ ဘကြီးကတော့ ဆုတောင်းနေမိတာပဲ။
ကဲ..... အဲဒီတော့ ဘကြီး သွားအုံးမယ်။
နောက်ဆုံးမှာချင်တာကတော့ ခေတ်ရဲ့ အရိပ်အခြေကို ကြည့်ပြီး ဂရုစိုက်ပေးပါနော်။
ဒီကိစ္စကြောင့် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကိုယ့်ဟာကိုယ် ပြင်ရင်း ကလေးကို ပိုဂရုစိုက်ပေးပါကွယ်"
ကျမလည်း ဘကြီးဦးစကားတွေ ကြားပြီး ငိုကျွေးနေမိလို့ ဘကြီးပြန်သွားတာတောင် လိုက္မပို့ ဖြစ်ပါဘူး။ သားရဲ့စိတ်ခံစားချက်ကို တွေးမိပြီး ကျမ ဖြည်မဆည်နိုင်အောင် ဖြစ်ရပါပြီ။ ကျမကြောင့်သာဆိုရင် သားလေး ဘယ်လောက်တောင် ဝမ်းနည်းပြီး စိတ်မကောင်း ဖြစ်ရှာနေမလဲ။ သားလေးကို ထွေးပွေ့ပြီး ကျမရဲ့ မိုက်လုံးကြီးခဲ့မှုတွေကို ပြောပြကာ တောင်းပန်ချင်ပါတယ်။ သားလေးရဲ့ ဝမ်းနည်းမှုတွေကို ကျမ နှစ်သိမ့်ပေးချင်တယ်။ ဒါပေမယ့် ဒီကိစ္စမျိုးက သားအမိချင်း မျက်နှာချင်းဆိုင် ပြောရမှာတောင် ရှက်ဖို့ ကောင်းလွန်းပါတယ်။ ရှက်စရာကောင်းပြီး မနှစ်မြို့ဖွယ်၊ ရွံ့ရှာဖွယ် အဖြစ်အပျက်တွေလေ။
ပြီးတော့ သားလေးက အိမ်ပြန်လာလို့ ကျမတို့ကို တွေ့သွားတာဆိုရင် ကျမရဲ့ အရှက်တွေက ပြောပြစရာမလိုဘဲ အကုန်ပေါ်ကုန်ပါပြီ။ ရွံ့ဖို့ကောင်းတဲ့ အခြေအနေတွေကို သားက အကုန်မြင်သွားမှာလေ။ အဲဒီတော့ ကျမ ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ သားက အကုန်သိသွားမှာပါ။ ကျမ လုပ်နိုင်တာကတော့ သားရဲ့ အပြစ်တင်မှုကို ခံယူရင်း အမှားကို လုံးဝ ပြင်ဖို့ပဲ ရှိပါတော့တယ်။ ဒါတွေကို စဥ္းစားတိုင်း ရှေ့လျောက် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ယောက်ကို ကျမ ဘယ်လို မျက်နှာထားကာ ဝန်ခံပြီး မျက်နှာချင်း ဆိုင်ရတော့မှာလဲ။ ကလေးရဲ့ သန့်ရှင်းဖြူစင်တဲ့ နှလုံးသားလေးက ကျမကြောင့် ညစ်ပေရတော့မှာပါလား။
အခုအခြေအနေကတော့ ဒီကိစ္စကြောင့်ဆိုရင် သားလေးဘက်က ဖွင့်ပြောလာမှာပါ။ ဒီကိစ္စကြောင့် မဟုတ်ရင်လည်း သားလေးအရွယ်ရောက်လာရင် ကျမရဲ့ တလျောက်လုံး မိုက်ပြစ်တွေကို ဝန်ခံဖို့ ဆုံးဖြတ်လိုက်ပါပြီ။ သေချာတာကတော့ ကိုသန့်စင်နဲ့ ဇာတ်လမ်းကို ကျမဘက်ကပဲ အပြီးတိုင် ရပ်စဲရပါတော့မယ်။ မသင့်တော်တဲ့ တဏှာရမ္မက် မီးဟာ ကိုယ်ကိုတိုင်ကိုရော၊ ကိုယ့်အနီးအနားက ချစ်ခင်ရသူတွေကိုရော ပူလောင်စေပါတယ်။ ဒီမီးကို ဒီနေ့ကစပြီး ကျမဘက်က အပြီးတိုင် ငြိမ်းဖို့ ဆုံးဖြတ်ရပါပြီ။
ဒီလိုနဲ့ အိမ်ထဲပြန်ဝင်ကာ ညစာအတွက် ပြင်ဆင်ပြီးတော့ သားလေးကို ခေါ်ဖို့ ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် သားလေးရဲ့ အခန်းတံခါးကို ခေါက်ဖို့ကိုတောင် ကျမ လက်တွန့်နေမိပါတယ်။ ကျမက မဟုတ်တာ အကုန်လုပ်ထားမိတာကိုး။ အားတင်းပြီး ရင်ဆိုင်ဖို့ ဆုံးဖြတ်ကာ သားလေးကို ထမင်းစားဖို့ ခေါ်လိုက်ပါတယ်။ သားလေးကတော့ မဆာသေးဘူး။ စားနှင့်ဆိုပြီး တုံးတိတိ အဖြေကိုပဲ ရလိုက်ပါတယ်။ ဘာတွေ ဖြစ်နေတာလဲ သားရယ်။ အမေ့ကို မျက်နှာချင်းတောင် မဆိုင်ချင်တော့ဘူးလား။ အမေ့ကြောင့် ဟုတ်၊မဟုတ် မေးဖို့ကိုတောင် အမိုက္မကြီးက ကိုယ့်အပြစ်နဲ့ကိုယ်မို့ မမေးရဲတဲ့ ဘဝပါ။
ဒီလိုနဲ့ ထမင်းစားခန်းမှာ သားထွက်စားမယ့် အချိန်ကို ထိုင်စောင့်နေရင်း ကျမဘဝရဲ့ ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဥ္းစားရင်း နောင်တတရားနဲ့ ပူဆွေးနေမိပါတယ်။ ဒီနေ့ကိစ္စဟာ ကျမရဲ့ ပယောဂကြောင့် မဟုတ်ရင်လည်း တစ်နေ့နေ့ကျရင် ဒါမျိုးကြုံလာရမှာပါ။ ဒါကြောင့်ပဲ သူနဲ့ဇာတ်လမ်းကို ဒီလောက်နဲ့ပဲ ရပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အခုတောင် အချိန်တွေ အများကြီး နောက်ကျနေပါပြီ။ ဘကြီးဦးကတောင် ရိပ်မိနေပြီလေ။ တခြား ဘယ်သူတွေ သိသေးလဲ။ ယမင်းကရော ဒီလောက်နှစ်တွေ ကြာအောင် သူ့ယောကျာ်းနဲ့ ကျမ ဖြစ်နေတာတွေ မရိပ်မိဘဲ နေမလား။ တစ်ချိန်က တဏှာမွှန်နေမိလို့ ကျမ မစဥ္းစားမိတာတွေ အခုမှ ပြန်စဥ္းစားမိတော့ ဘယ်သူ့ကိုမှ ရင်မဆိုင်ရဲလောက်အောင် ဖြစ်ရပါပြီ။
ထမင်းစားခန်းထဲမှာ တစ်နာရီခွဲလောက်ကြာအောင် ကျမ တစ်ယောက်တည်း ငူငူငေါင်ငေါင်ကြီး ထိုင်နေမိပါတယ်။ ထမင်းလည်း စားချင်စိတ်မရှိပါဘူး။ သား ထစားမှပဲ အတူတူ စားဖို့ စောင့်နေမိတာပါ။ ဒီအချိန်မှာပဲ သားက ထမင်းစားခန်းကို ဝင်လာပြီး ကျမကို တွေ့တော့ လန့်သွားပါတယ်။ သားက ကျမကို တွေ့မယ်လို့ မထင်ထားလို့ နေပါမယ်။ ဒါနဲ့ ကျမလည်း သား စိတ်သက်သာရစေဖို့ ဘာမှမဖြစ်တဲ့ပုံနဲ့.........
"ေဩာ်၊ သား ဆာပြီလား? လာစားမယ်လေ၊ အမေ၊ မင်းကို စောင့်နေတာ"
"စားနှင့်ပါလို့ ပြောထားတယ်လေ"
"ေဩာ်...သားရယ်၊ တစ်အိမ်လုံး တို့သားအမိနှစ်ယောက်ပဲရှိတာ၊ ဘယ်တုံးက ခွဲစားဖူးလို့လဲ?
သားမဆာသေးလို့ မစားရင် အမေစောင့်မှာပေါ့"
သားရဲ့ စိမ်းစိမ်းကားကား ပြောစကားကို ဘာမှမဖြစ်တဲ့ပုံနဲ့ ကျမကြိုးစားပြီး ပြန်ပြောလိုက်ရပါတယ်။ ဒါပေမယ့် သားရဲ့ စိမ်းကားတဲ့ စကားလုံးတွေက ကျမ နှလုံးသားကို ဓါးထက်ထက်နဲ့ အမွှန်းခံနေရတဲ့အတိုင်း နာကျင်ခံစားရပါတယ်။ ကျမရင်ထဲ စူးပြီး အောင့်နေရတာပါ။ ဒါပေမယ့် အရင်လို သားအမိနှစ်ယောက် ချစ်ချစ်ခင်ခင် ပြန်ဖြစ်ကြမလားလို့ မျှော်မှန်းပြီး ဟန်မပျက်အောင် ထိန်းထားမိပါတယ်။ ပြီးတော့ သားနဲ့လည်း စကားအေးဆေး ပြောချင်ပါသေးတယ်။ သား ဘာဖြစ်နေလဲဆိုတာ ကျမ သေချာ သိချင်ပါတယ်။ ကျမကြောင့်ဆိုရင် ကျမ ဘာလုပ်ပေးရမလဲ ဆိုတာ မေးချင်ပါတယ်။ သား တောင်းဆိုတာ ကျမ အကုန်လုပ်ပေးမှာပါ။ ဒါကြောင့်ပဲ ခေါင်းငိုက်စိုက်ကာ ထမင်းကိုပဲ စားနေတဲ့ သားကို.........
"ခေတ်၊ ဒီနေ့ကျောင်းမှာ သား ဘာဖြစ်လာတာလဲ ?
သားမျက်နှာလည်း မကောင်းဘူး။
သားပုံစံဒီလိုမှ မဟုတ်တာလေ"
"ဘာမှ မဖြစ်ပါဘူး"
"သားလေး၊ အမေတို့မှာ တိုင်ပင်ဖေါ် ဒီနှစ်ယောက်ပဲရှိတာလေ၊
သားတစ်ခုခုဖြစ်နေတာ အမေသိပါတယ်၊ အမေ့ကိုပြောပြပါ။
အမေဘာလုပ်ပေးရမလဲဟင်"
"မလိုပါဘူး၊
ကျနော်ထမင်းကောင်းကောင်းစားပါရစေ၊
ဘာမှမမေးပါနဲ့၊ ဘာမှမဖြစ်ပါဘူး"
"ေဩာ် အေးပါသားရယ်၊
အမေက တညနေလုံးစိတ်ပူနေလို့ မေးတာပါ။
အမေ ဖြည့်ဆည်းပေးရမှာရှိရင်လည်း သိချင်လို့မေးတာပါ။
သားစားချိန်လွန်တော့ ဆာနေမှာပေါ့၊ စားစားသား၊ အမေဘာမှ..မမေး..တော့ပါဘူး...."
သားရဲ့စကားဟာ ကျမရဲ့ အသဲနှလုံးကို တစ်စစီ ခြေမွနေသလိုပါပဲ။ ကျမဘက်က ဘာမဆို ဖြည့်ဆည်းပေးပါ့မယ် ဆိုတာကိုတောင် သားဘက်က ဘာမှ အရေးတယူ ပြန်ပြောတာ မခံရတော့ပါဘူး။ ကျမရဲ့ တစ်ဦးတည်းသော သားလေးက ကျမအပေါ် စိမ်းကားသွားပြီဆိုတဲ့ အသိကြောင့်ပဲ ကျမမှာ စကားပြောနေရင်း ခံစားရလွန်းလို့ ဆက္မပြောနိုင်တော့ပါဘူး။ ကျမ ရင်တွေတုန်ကာ အော်ဟစ်ငိုကြွေးလိုက်ချင်ပါတယ်။ ဒါပေမယ့် သားလေး မကြိုက္မှာ စိုးလို့ စိတ်ကို အတတ်နိုင်ဆုံး ချုပ်တည်းကာ ရင်ထဲမှာ ကြိတ်ငိုနေမိပါတယ်။ ထမင်းလည်း ဆက္မစားနိုင်တော့ပါဘူး။ သားလေးကလည်း ထမင်းစားပြီးတာနဲ့ အခန်းထဲ ပြန်ဝင်သွားပါတော့တယ်။ ကျမလည်း ငိုချင်နေတာကို ထိန်းမထားနိုင်တော့လို့ ကျမအခန်းထဲ ပြေးဝင်ကာ ကုတင်ပေါ် ပစ်လှဲရင်း ငိုရပါတော့တယ်။
ကျမ ဘဝမှာ အစားမရနိုင်တဲ့ ဆုံးရှုံးမှုတွေ အကြိမ်ကြိမ် ကြုံဖူးပါတယ်။ မိဘတွေ ဆုံးပါးတယ်။ ကို ထွက်သွားတယ်။ အခု သားလေးက ကျမကို စိမ်းကားသွားတယ်။ ကိုနဲ့ သားလေးက ကျမကို ပစ်ပယ်သွားတာက ကျမရဲ့ သစ္စာမဲ့တဲ့ မိုက်ပြစ်ကြောင့်ပါ။ ကိုက အဝေးကို ထွက်သွားပါပြီ။ သားလေးကတော့ ကျမ အနားမှာ ရှိနေပေမယ့် စိတ်ချင်းကတော့ အဝေးဆုံးကို ထွက်ခွာဖို့ ဟန်ပြင်နေပါပြီ။ မနက်ဖြန်ပေါင်း များစွာမှာ သားလေးနဲ့ အရင်လို ချစ်ချစ်ခင်ခင် ပြန်နေရဖို့ ဖြစ်နိုင်ပါတော့မလား။ တိတ်ဆိတ်နေတဲ့ အိမ်ကြီးရဲ့ အခန်းလေးထဲမှာ အမိုက္မတစ်ဦးကတော့ နှောင်းနောင်တတွေရဲ့ ပူလောင်မှုကို ခံစားရင်း တစ်ညလုံး ကြိတ်ကာ ငိုကြွေးနေရပါတော့တယ်။
နောက်နေ့က စပြီး သားလေးရဲ့စိတ်ဟာ ကျမရဲ့ အဝေးဆုံးကို တဖြည်းဖြည်း ထွက်ခွာသွားပါပြီ။ ကျမအနေနဲ့ အရင်လို ချစ်ချစ်ခင်ခင် ပြန်ဖြစ်ဖို့ ကြိုးစားခဲ့တာတွေလည်း အရာမထင်တော့ပါဘူး။ ကျမကတော့ သားလေး လိုအပ်တာတွေ ဖြည့်ဆည်းပေးရင်း အရင်လို ပြောဆို ဆက်ဆံပေမယ့် သားကတော့ ထုံပေပေနဲ့ ဖြစ်သွားပါတယ်။ အရင်လို ချွဲနွဲ့တာတွေလည်း မရှိတော့ပါဘူး။ ကျောင်းသွား၊ ကျောင်းပြန် နှုတ်ဆက်တာတွေ၊ မွှေးမွှေးပေးတာတွေ လုံးဝ မရှိတော့ပါ။ ကျမကို မျက်နှာချင်း မဆိုင်ဘဲ မျက်နှာလွှဲကာ သူလုပ်စရာရှိတာတွေပဲ လုပ်နေပါတော့တယ်။ ကျမမှာလည်း သားမကြိုက်တာတွေ ဘာမှမလုပ်တော့ဘဲ သားအတွက်ပဲ အချိန်ပေးကာ ဂရုစိုက်ခဲ့ပါတယ်။
နောက်တစ်နေ့မှာပဲ သားကျောင်းသွားတာနဲ့ ကျမ အလုပ်သင့်ဆုံး အရာတစ်ခုကို လုပ်ရပါတော့တယ်။ ဒါကတော့ ဒီပြဿနာတွေရဲ့ အခြေခံဖြစ်တဲ့ ကိုသန့်စင်နဲ့ ကိစ္စကို အပြတ်ရှင်းရပါတော့တယ်။ ကိုသန့်စင်ဆီ ဖုန်းခေါ်ပြီး ကျမဆီ ဘယ်တော့မှ မလာတော့ဖို့ ပြောရပါတော့တယ်။ သူက ဘာလို့လဲမေးတော့ ကျမ ကြုံနေရတဲ့ အခြေအနေတွေကို ပြောပြကာ သူ့ကို ရှေ့ဆက် မတိုးဖို့ တောင်းဆိုရပါတယ်။ သူက သား သိတာ မဟုတ်နိုင်ပါဘူးလို့ ပြောနေတာကို ကျမ လက္မခံတော့ပါဘူး။ သား သိသိ၊ မသိသိ ကျမက သူနဲ့ ရှေ့မဆက်နိုင်တော့ကြောင်း အပြတ်ပြောရပါတော့တယ်။ သူက အလုပ်ကို အကြောင်းပြပြီး တွေ့ဖို့ရှိသေးတာကိုလည်း စာရင်းလည်း မအပ်နဲ့၊ ပွဲရုံလည်း အပြီးသာ ယူလိုက်ဖို့ ပြောလိုက်ပါတော့တယ်။
ကျမအနေနဲ့ ဒီအချိန်မှာ ငွေကြေးနဲ့ အလုပ်ဆုံးရှုံးမှာတွေကို ထည့်မတွက်နိုင်တော့ပါဘူး။ ကျမသားလေးနဲ့ပဲ အရင်လို ပြန်နေချင်ပါတော့တယ်။ ကျမက ကိုသန့်စင်ကို စကားအပြတ်ပြောပြီး ဖုန်းချလိုက်တော့ သူလည်း မနေနိုင်ဖြစ်ကာ ကျမအိမ်ကို ရောက်ချလာပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ကျမ ခြံတံခါးကို မဖွင့်ပေးတော့သလို ထွက်လည်း မတွေ့တော့ပါဘူး။ တစ်ခါက သူအဲလို ခြံရှေ့မှာ ရပ်နေတာကို လူတွေတွေ့ပြီး အရှက်ကွဲမှာ စိုးလို့ ကျမအမြန်တံခါးဖွင့်ပေးပြီး သူ့အကြိုက် လိုက်လျောခဲ့ရဖူးတယ်လေ။ အခုတော့ ဘကြီးဦးကတောင် ကျမတို့ အခြေအနေကို ရိပ်မိနေပြီမို့လို့ ကျမဘာကိုမှ ဂရုမစိုက်တော့ပါဘူး။ လူသိမှာလည်း မရှက်တော့ပါဘူး။
သူ မပြန်ပဲ အော်ခေါ်နေလည်း ကျမ မကြားချင်ယောင်ပဲ ဆောင်နေလိုက်ပါတယ်။ ဒီလိုနဲ့ သူလည်း လက်လျော့ကာ ပြန်သွားပါတယ်။ အစကတည်းက ကျမ ဘာကိုမှ မရှက္မကြောက်ပဲ ရင်ဆိုင်ခဲ့ရင် ဒီနေ့လို အခြေအနေဆိုးမျိုး ဖြစ်လာရမှာ မဟုတ်ပါဘူး။ ဖြစ်ခဲ့တဲ့ အမှားတွေက ကျမရဲ့ ပျော့ညံ့တဲ့စိတ်နဲ့ မရဖူးတဲ့ ကာမအရသာတွေအပေါ်မှာ စွဲလမ်းတက္မက္မှုများကြောင့်လည်း ပါပါတယ်။ လူတွင်ပါလို့ နွားကျားကိုက်ရတဲ့ အခြေအနေမို့ ကျမရဲ့ အပြစ်တွေကလည်း ကြီးလွန်းပါတယ်။ ကျမပွဲရုံကိုလည်း ဒီရက်ပိုင်းမှာ သွားချင်စိတ် မရှိတော့ပါဘူး။ ယမင်းအဖေနဲ့ စာရင်းကိုင်တွေကိုပဲ အစဥ္ပြေသလို ကြည့်လုပ်ထားဖို့ ပြောထားရပါတယ်။ အလုပ်မှာ လစ်ဟင်းပြီး ဆုံးရှုံးမှုတွေကတော့ ရှိလာတာပေါ့။
အဲဒီလို ကျမဘက်က ဘယ်လိုပဲ ပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် သားကတော့ ကျမအပေါ် စိမ်းကားမှုတွေက ပြောင်းလဲ မလာတော့ပါဘူး။ သား ကျောင်းက ပြန်အလာကို ခြံရှေ့မှာ ထွက္စောင့်နေပြီး ပြန်လာရင် ခြံတံခါး ပြေးဖွင့်ပေးတဲ့ ကျမကို သားက တစ်ချက်တောင် လှည့်မကြည့်တော့ဘဲ အိမ်ထဲ တန်းဝင်သွားပါတော့တယ်။ ပြီးရင် အဝတ်အစား လဲပြီတာနဲ့ ကျမကို ဘာမှ မပြောဘဲ အောင်အောင်တို့ အိမ်ဘက် ထွက်သွားတတ်ပါတယ်။ ညမှောင်ခါနီးမှ ပြန်လာတတ်တယ်။ ကျမနဲ့ ထမင်းတစ်ဝိုင်းတည်း အတူစားပေမယ့် စကားမပြောပါဘူး။ ကျမက တစ်ခုခု မေးလို့ရှိရင်လည်း လိုအပ်သလောက်ပဲ ပြန်ပြောပါတော့တယ်။ တစ်အိမ်တည်းမှာနေပြီး ကျမတို့ သားအမိနှစ်ဦးက သူစိမ်းဆန်ဆန် ဖြစ်လာပါတော့တယ်။
ကျမလည်း သားကို ဘာတွေ ဖြစ်နေလဲ၊ အမေ ဘာလုပ်ပေးရမလဲ၊ အမေ့ကို စိတ်ဆိုးနေတာလားအထိတောင် အမြဲမေးဖြစ်ပါတယ်။ ဒါပေမယ့် သားကတော့ ဘာမှ မဖြစ်ပါဘူးဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ ကျမနှလုံးသားကို ထိုးနှက်နေပါတော့တယ်။ ကျမမှာ ညပိုင်းဆို ဒီစိတ်နဲ့ အိပ်မပျော် ဖြစ်နေခဲ့ရပြီး ၃ ရက်အကြာမှာတော့ စိတ်ထောင်း လူကျေဖြစ်ကာ အိပ်ယာထဲ ဘုန်းဘုန်းလဲပါတော့တယ်။ အိပ်ယာထဲ စလဲတဲ့ရက်ကလည်း ကျမတစ်ညလုံး ငိုနေမိပြီး အိပ်မရခဲ့ပါ။ မနက္မိုးလင်းတော့ ကျမတကိုယ်လုံး အားပျက်ကာ သတိမေ့သလို ဖြစ်သွားရပါတယ်။ သတိကောင်းကောင်းရတော့ အမမြတို့ ကျမအနား ရောက်နေပါပြီ။ အမမြရောက်လာလို့ တော်ပါသေးတယ်။ မဟုတ်ရင် ကျမ တစ်ယောက်တည်း အိပ်ယာထဲမှာ လဲနေရမှာပါ
နောက်တော့မှ အမမြတို့ကို သားက သွားခေါ်လာပေးတာကို သိရပါတယ်။ မနက္မိုးလင်းတော့ ကျမ ထမလာလို့ သားက အခန်းဝက လာကြည့်ကာ လဲနေတာတွေ့လို့ ဘကြီးဦးတို့ကို သွားခေါ်ပေးတာပါ။ ပြီးတော့မှ သားက ကျောင်းကို ထွက်သွားတာတဲ့။ အဲဒီစကားကြားတော့ ကျမရင်ထဲမှာ အတိုင်းမသိ ဝမ်းသာလိုက်တာ။ ကျမရဲ့သားက ကျမကို လုံးလုံးကြီး မမုန်းသေးပါလားဆိုတဲ့ အသိက ကျမကို အားအင်တွေ ဖြစ်လာစေပါတယ်။ ဒီဝမ်းသာကြည်နူးမှုနဲ့ အားအင်တွေကြောင့်ပဲ ကျမ ပြန်လည်ပြီး ထူထူထောင်ထောင် ဖြစ်လာတာပါ။ ပြီးတော့ ကျမ အိပ်ယာထဲ သုံး၊ လေးရက်လောက် လဲနေချိန်မှာလည်း သားက အိပ်ခန်းဝကနေ လာလာပြီး ချောင်းကြည့်တာကို တွေ့ရပါတယ်။ အထူးသဖြင့် ညပိုင်းမှာ လာလာ ကြည့်တတ်ပါတယ်။ အမေ မိန်းမမိုက်ကြီးကို သားက စိတ်ပူနေသတဲ့လားကွယ်။
ကျမ နေမကောင်း ဖြစ်နေတော့ ယမင်းက သတင်းကြားပြီး ရောက်လာပါတယ်။ ယမင်းနဲ့အတူ ကိုသန့်စင်ရော သမီးလေးရော ပါလာတာပေါ့။ ယမင်းပါနေလို့ ကိုသန့်စင်ကို ကျမ မောင်းထုတ်လို့ မရပါဘူး။ ဒါပေမယ့် စကားကောင်းကောင်း မပြောတော့ပါဘူး။ ပြီးတော့ ယမင်းကို ကျမအတွက် စိတ်မပူဖို့နဲ့ ပြန်ဖို့ ပြောရပါတယ်။ ယမင်းက ညအိပ်နေပေးမယ်ဆိုတာကိုလည်း ကျမက အမမြတို့ ရှိတယ်ဆိုပြီး လက္မခံပါဘူး။ ယမင်းကတော့ တစ်နေ့တစ်ခေါက်တော့ ရောက်အောင်လာပြီး ကျမအတွက် အားရှိတာတွေ ချက်ပြုတ်ပေးနေတော့တာပါပဲ။ သနားစရာကောင်းတာက သမီးလေး ငုဝါပါ။ စလာတဲ့နေ့ကတည်းက သူ့အကို အခန်းထဲမှာ ရှိနေမှန်း သိသွားပြီး အခန်းရှေ့ကနေ သွားခေါ်နေပါတော့တယ်။
ငုဝါလေး တစာစာ ခေါ်နေတာကို သားက တံခါးမဖွင့်ပေးတော့ ငုဝါလေးက အခန်းရှေ့မှာ ထိုင်ချပြီး ငိုပါတော့တယ်။ သူ့အကိုက သူ့ကို မခေါ်တော့ဘူးဆိုကာ အော်ဟစ်ငိုနေတာကို ဘယ်သူမှ ချော့လို့မရတော့ပါဘူး။ နောက်ဆုံးတော့ သားက အခန်းထဲက ထွက်လာပြီး ငုဝါလေးကို ပွေ့ခေါ်ကာ အခန်းထဲ ပြန်ဝင်သွားပါတယ်။ ဒီတော့မှ မောင်နှမနှစ်ယောက် အခန်းထဲမှာ ရယ်မော စကားပြောသံတွေ ကြားရပါတော့တယ်။ နောက်ပိုင်းတလျောက်လုံးမှာလည်း သားက ကိုသန့်စင်ကို အတတ်နိုင်ဆုံး မျက်နှာချင်းမဆိုင်တော့တာကို ကျမ သတိထားမိပါတယ်။ မလွှဲသာလို့ စကားပြောရရင်လည်း မေးထူးခေါ်ပြောပဲ ရှိပါတော့တယ်။ ဒါပေမယ့် ယမင်းနဲ့ ငုဝါလေးအပေါ်မှာတော့ ပုံမှန် ပြန်ဆက်ဆံတတ်လာပါတယ်။ ကျမအပေါ်ကိုပဲ သားလေးဆက်ဆံတာ စိမ်းကားနေတာမို့ ကျမတို့ ဖြစ်ခဲ့တာတွေကို သားလေးသိသွားတာ သေချာနေပါပြီ။
ဒီလိုနဲ့ ကျမ နေပြန်ကောင်းကာ အနားယူပြီးတော့ အလုပ်တွေ ပြန်လုပ်ရပါတော့တယ်။ ဘကြီးဦးကလည်း ကျမကို ဖြစ်ပြီးခဲ့တာတွေ ပြင်မရတော့တာမို့ ကိုယ့်စိတ်ကိုယ် ထပ်ပြီး မညှင်းစဲဖို့ သွန်သင်ပါတယ်။ နောက် ပိုကောင်းအောင်ပဲ ကြိုးစားနေကာ သားလေးအတွက် လုပ်စရာရှိတာတွေ ပြန်လုပ်ပေးပြီး၊ အလုပ်ကို ပြန်ဦးစီးဖို့ တိုက်တွန်းလာပါတယ်။ ပြီးတော့ အိမ်ထဲမှာပဲ နေရင် ကျမစိတ်တွေ ပိုရှုပ်ထွေးလာမယ်လို့ ဆိုပါတယ်။ တစ်ချိန်ကျရင် သားလေးနဲ့ အရင်လို ပြန်ဖြစ်လာမှာပါလို့လည်း အားပေးပါတယ်။ ကိုသန့်စင်ပွဲရုံကိစ္စတော့ ကိုသန့်စင်နဲ့ ယမင်းကရော၊ ဘကြီးဦးကပါ အပြီးလွှဲဖို့ သဘောမတူကြပါဘူး။ ဘကြီးဦးကတော့ ကျမတို့ အခြေအနေတွေကို ကိုသန့်စင်ရှေ့မှာ မသိချင်ယောင်ပဲ ဆောင်နေပါတယ်။ အရင်တည်းက ရိုးရိုးအေးအေး နေတတ်တဲ့ ဘကြီးဦးလည်း ကျမလို အရှုပ်မကြောင့် စိတ်ရှုပ်ရတာ အားနာရပါတယ်။
ဒါကြောင့်ပဲ ကျမက ကိုသန့်စင်နဲ့ ယမင်းကို ခေါ်ကာ ပြောရပါတော့တယ်။ ကျမရဲ့ ကျန်းမာရေး အခြေအနေကြောင့် စာရင်းတွေ မနိုင်ဘူးပြောကာ ယမင်းကို ကူပြီး ကိုင်ခိုင်းရမယ်လို့ ပြောရပါတယ်။ ကိုသန့်စင် ပွဲရုံက စာရင်းရှင်းရင် ယမင်းပါ မဖြစ်မနေ လိုက်လာပြီး စာရင်းတွေ ဝိုင်းလုပ်ပေးဖို့ ပြောတာကို သူတို့နှစ်ယောက်လုံးက သဘောတူပါတယ်။ နှစ်ပတ်မှ တစ်ကြိမ်လောက် စာရင်းရှင်းတာဆိုတော့ ယမင်းအတွက်လည်း သိပ်အပန်း မကြီးတော့ဘူးပေါ့။ ဒီလိုနဲ့ ကျမရဲ့ ပုံမှန်ဘဝကို အကောင်းဆုံး ပြန်တည်ဆောက်ရင်း ကြိုးစားနေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျမရဲ့ ရှေ့ဆက်ဘဝခရီးလမ်းဟာ မျှော်မှန်းထားသလို သာယာမလား၊ မုန်တိုင်းတွေ ကြုံကာ အလူးအလဲ ခံရအုံးမလားဆိုတာတော့ ကံဇာတ်ဆရာရဲ့ စီမံရာ အတိုင်းပေါ့ရှင်။
ဒီလိုနဲ့ သားလေးက ကျမအပေါ် ပစ်ပစ်ခါခါကြီး မုန်းသွားတာမျိုး မဟုတ်ရင်တောင် ရင်းနှီးနွေးထွေးမှုတွေကတော့ ပျောက်ဆုံးသွားခဲ့ရပါပြီ။ သားလေးရဲ့ စိတ်ခံစားချက်ကို ကျမ နားလည်နိုင်ပါတယ်။ တစ်သက်လုံး အမေတစ်ခု သားတစ်ခုနဲ့ ဘဝကို ဖြတ်သန်းလာခဲ့သမျှ မဖြစ်သင့်တဲ့ အခြားသူတစ်ဦးနဲ့ လွန်လွန်ကျူးကျူးတွေ ဖြစ်နေတာကို တွေ့ရရင် သားလေး ဘယ်ခံစားနိုင်ပါ့မလဲ။ ပြီးတော့ သားလေးက ကျမတို့နှစ်ယောက်ရဲ့ ဘယ်အခြေအနေအထိ တွေ့သွားလည်း မသိရပါဘူး။ ဘယ်လိုပုံစံပဲ တွေ့ပါစေ အရှက်ကင်းမဲ့တဲ့ အခြေအနေမျိုးတွေကိုပဲ တွေ့သွားရမှာပါ။ ဒါကို စဥ္းစားမိတော့ ကျမမှာ သားနဲ့ မျက်နှာချင်းဆိုင်ဖို့တောင် ရှက်လှပါတယ်။
အဲဒီလို စဥ္းစားမိပြီး သားကို မျက်နှာပူရပေမယ့် ကျမဘက်က သားအတွက် ဝေရာဝစ္စတွေကို မပြတ်စေရပါဘူး။ သားက ကျမကို စကားမပြောချင်မှန်းသိလို့ ကျမလည်း အရင်လို သိပ်မပြောတော့ပါဘူး။ ကျမက စကားမရှိ စကားရှာပြီး ပြောချင်ပေမယ့်လည်း သားလေး စိတ်အနှောင့်အယှက် ဖြစ်မှာကို စိုးရိမ်လို့ပါ။ ဒါပေမယ့် သားလေးကို အရင်ကထက်ပိုပြီး အရိပ်တကြည့်ကြည့်နဲ့ နေခဲ့၊ လုပ်ပေးခဲ့ပါတယ်။ သားကတော့ အခုနောက်ပိုင်း အိမ်သိပ်မကပ်တော့ပါဘူး။ ကျမစုံစမ်းရသလောက်ကတော့ ဘကြီးဦးဆိုင်နဲ့ အောင်အောင်အိမ်မှာပဲ အနေများပါတော့တယ်။ တခါတလေ ညမိုးချုပ်မှ ပြန်လာတတ်တယ်။ ကျမမှာ သားကို တချို့အရာတွေ ဆုံးမချင်ပေမယ့်လည်း ကိုယ့်အပြစ်နဲ့ ကိုယ်မို့ မပြောဖြစ်ခဲ့ရတာမျိုးတွေ ရှိလာပါတယ်။
မဖြစ်မနေ ကျမက ပြောရရင်လည်း သားက ပြန်ပြောတာမျိုးတော့ မရှိပါဘူး။ အသာနားထောင်နေပြီးမှ သူ့အခန်းထဲကိုပဲ ဝင်သွားပါတော့တယ်။ ဒီလိုနဲ့ တစ်ချိန်က သားအမိနှစ်ဦးရဲ့ ပျော်စရာကမ္ဘာလေးဟာ အက်ကြောင်းများ ထနေရပါပြီ။ အရင်ကဆို နှစ်ယောက်တည်း ရှိနေရင်တောင် စနောက်ချွဲနွဲ့သံလေးများနဲ့ စီစီညံခဲ့ရတဲ့ ကျမရဲ့အိမ်လေးဟာ တိတ်ဆိတ်ငြိမ်သက်ခြင်းတွေ အစားထိုးဝင်ရောက်လာခဲ့ပါပြီ။ ဒီတိတ်ဆိတ်ခြင်းတွေက ကျမအတွက် ငရဲသမျှ ပူလောင်ရပါတယ်။ တိတ်ဆိတ်တိုင်း အေးချမ်းနေတာ မဟုတ်ပါဘူး။ အပြစ်ခံစားရတဲ့စိတ်နဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းကတော့ နောင်တတရားတွေနဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလှပါတယ်။
ဘဝဇာတ်ခုံကြီးပေါ်မှာ လူတိုင်းဟာ ကိုယ်ဇာတ်ကွက္မှာ ကိုယ်သာ အဓိကဇာတ်ဆောင်ပါ။ ဒါပေမယ့် အဓိက ဇာတ်ဆောင်တိုင်းဟာ မင်းသားကြီးပဲ မဟုတ်ဘဲ ဗီလိန်လူကြမ်းလည်း ဖြစ်နေတတ်ပါတယ်။ မင်းသားဖြစ်စေ၊ လူကြမ်းဖြစ်စေ မိမိစိတ်ခံစားချက်အတိုင်း အဓိကဇာတ်ဆောင်အဖြစ် ကပြသွားကြတာပါ။ လူမှုဝန်းကျင်မှာ အမှန်၊ အမှားဟူသည် အခြေအနေ၊ အချိန်အခါကို လိုက်ကာ ကြည့်မြင်ခံစားသူရဲ့ စိတ်အခြေအနေနဲ့သာ သတ်ဆိုင်ကြတာပါ။ ဒီတော့ လူအမျိုးမျိုး စိတ်အထွေထွေ ဖြစ်ကာ အမှန်၊ အမှားတွေကလည်း ရောထွေးကာ ရှုပ်လာတတ်ပါတယ်။
ဒီတော့ လူမှုဝန်းကျင်မှာ အမှန်၊ အမှားကို ယေဘုယျ ပိုင်းခြားနိုင်ဖို့ စည်းမျဥ္းများ၊ လူမှုကျင့်ဝတ်များကို လက်ခံထားကြရပါတယ်။ လူမှုကျင့်ဝတ်ဖောက်ဖျက်သူနဲ့ မကျော်သင့်၊ မမှားသင့်တဲ့ စည်းကို ကျော်မိသူတွေဟာ အကျင့်ပျက်သူတွေပေါ့။ ဒီလို စည်းမျဥ္းတွေနဲ့ လူမှု ကျင့်ဝတ်တွေကြောင့်ပဲ ဘဝဇာတ်ခုံကြီးဟာ ချစ်ခြင်း၊ သံယောဇဥ္နှောင်ကြိုးတွေနဲ့ လှပနေခဲ့ရတာပါ။ ဒါပေမယ့် ဘဝဇာတ်ခုံကြီးပေါ်က ဇာတ်ကောင်တိုင်းရဲ့ ဘဝရှိနေသမျှ ဇာတ်ကွက်အသစ်တွေ ရှိနေကြအုံးမှာပါပဲ။ ဇာတ်ကွက်တစ်ခု ပြီးသွားရင်တောင် နောက်ထပ် ဇာတ်ကွက်တစ်ခုကို လက်ဆင့်ကမ်းပြီး ဆက်ကပြနေကြအုံးမှာပါပဲ။ ဒါကြောင့်ပဲ ဇာတ်ကွက်တစ်ခုရဲ့ နိဂုံးဟာ နောက်ဇာတ်ကွက်တစ်ခုရဲ့ နိဒါန်းဆိုရင် မမှားပါဘူး။
ယခု ကွေ့ကောက်သော မြစ်အလယ် ဇာတ်လမ်းမှာလည်း ဇာတ်ကောင်တိုင်းရဲ့ ဘဝတွေဟာ ဘဝဇာတ်ခုံကြီးပေါ်မှာ ကျရာဇာတ်ရုပ်ကနေ ဆက်ပြီး ကပြနေကြအုံးမှာပါလို့ ပြောကြားရင်း.............ပထမတွဲကို ဒီမှာပဲ ရပ်နားလိုက်ပါတယ်။
ပထမအတွဲက ဇာတ်လမ်းရဲ့ အစပဲရှိပါသေးတယ်။ ဒုတိယအတွဲမှ တကယ့်ဇာတ်ရှိန်အမြင့်ပါ။
ကြည်ပြာရဲ့အမှားတွေကြောင့် သူချစ်ရတဲ့ သူကိုအရမ်းချစ်တဲ့ သူ့ယောက်ကျား ကိုမျိုးဝင်းကို ဆုံးရှုံးခဲ့ရတယ်။ ခု ဒုတိယအကြိမ် သူအသက်တမျှချစ်ရတဲ့ သားလေး ခေတ် ကို ဆုံးရှုံးရတော့မှာလား?
ဒါတွေကို ကြည်ပြာတယောက် ဘယ်လိုကျော်ဖြတ်မလဲ?
ကိုသန့်စင်ကရော နောက်ဆုတ်မှာလား?
ဘယ်လိုအပေးအယူတွေလုပ်ပြီး ကြည်ပြာရုန်းထွက်နိုင်မလဲ?
ကြည်ပြာနဲ့ ကိုသန့်စင်တို့ရဲ့ ဖောက်ပြန်မှုကြောင့် ဒီမိသားသားစု ၂ ခု ဘယ်လိုတွေ ဖြစ်ကြအုံးမလဲ?
ဘယ်သူတွေထပ်ပြီး စတေးခံရအုံးမှာလဲ?
အတွဲ ၂ မှာ ဆက်လက်ဖတ်ရှုပါ။
ဒုတိယအတွဲကို ဆက်လက်တင်ပေးပါမယ်
Comments
Post a Comment